တိုက်ပွဲများကြောင့်စစ်ပွဲရှောင်ပြည်သူလူထုအရေအတွက်တိုးလာခြင်းနှင့်အတူ မြန်မာစစ်တပ်မှ Geneva Conventions အားချိုးဖောက်

တိုက်ပွဲများကြောင့်စစ်ပွဲရှောင်ပြည်သူလူထုအရေအတွက်တိုးလာခြင်းနှင့်အတူ မြန်မာစစ်တပ်မှ Geneva Conventions အားချိုးဖောက်

၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၁) ရက်မှ (၁၄) ရက်နေ့အထိရခိုင်ပြည်နယ်စပ်အနီး၌တိုက်ပွဲများဆက်တိုက် ဖြစ်ပွားခဲ့သည်။ ဆယ့်လေးရက်ကြာတိုက်ပွဲပြီးနောက် မနေ့ကနှင့် ယနေ့တွင် တိုက်ပွဲများမရှိခဲ့သော်လည်း အသေအပျောက်များပြီးအထိနာသွားသည့် မြန်မာ စစ်တပ်၏ စကခ (၉) လက်အောက်ခံ မြောက်ဦးအခြေစိုက် ခမရ (၃၇၇) သည် “ပွီးလိုင်ဝ”ရွာသစ်အား မနေ့ကမီးရှို့ဖျက်ဆီးခဲ့သည်။

ထို့အပြင် ယနေ့ နိုဝင်ဘာလ (၁၆) ရက်နေ့၌ အခြားရွာအချို့အားထပ်မံမီးရှို့ဖျက်ဆီးခြင်း၊ လူမရှိတော့သည့်အိမ်များမှ အသုံးအဆောင်ပစ္စည်းများကို ယူဆောင်ခြင်း၊ ဆိုလာပြားအပါအဝင် ထမ်းယူ၍မနိုင်သည့် ပစ္စည်းများကိုဖျက်ဆီးခြင်း၊တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာများရှိ ရွာသားများစိုက်ပျိုးထားသည့် စပါးခင်းများကို မီးရှို့ဖျက်ဆီးခြင်းများကိုပြုလုပ်ခဲ့သည်။

ဤသို့သောလုပ်ရပ်များကို လွန်ခဲ့သောနှစ်၌”မုံးကိုး”တိုက်ပွဲအပြီးတွင် မုံးကိုးဒေသရှိစပါးခင်းများနှင့် လူနေအိမ်များအားဖျက်ဆီးခဲ့သောလုပ်ရပ်နှင့်အတူတူပင်ဖြစ်သည်။

ဤသည်မှာ မြန်မာစစ်တပ်အနေဖြင့် တိုင်းရင်းသားလူမျိုးများနေထိုင်သည့်ဒေသအသီးသီး၌ပြုလုပ်လေ့ရှိသည့် စစ်ရာဇဝတ်မှုကျူးလွန်ခြင်း (War Crimes) နှင့် Geneva Conventions”ဂျနီဗာကွန်ဗေးရှင်း”အားချိုးဖောက်ခြင်းပင်ဖြစ်သည်။

တစ်ဆက်တည်းတွင် တွေ့ရှိသမျှ ရွာသူ/ရွာသားများကို ရက္ခိုင့်တပ်မတော်ကိုအားပေးကူညီသူများအဖြစ် စွပ်စွဲလျှက် မတရားဖမ်းဆီးနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများကိုဆက်တိုက်ပြုလုပ်လာနေသည်။ ကုလားတန်မြစ် ကြောင်းတစ်လျှောက် ဝမ်းရေးအတွက် ရှာဖွေစားသောက်အလုပ်အကိုင်လုပ်နေကြသူများအနေဖြင့် ယခုအချိန်တွင် သတိထားကြီးစွာဖြင့် ခရီးထွက်ခြင်း၊ သွားလာခြင်းများကိုအထူးသတိထားသင့်ပါသည်။

ထို့ကြောင့် ရွာသူ/ရွာသားအချို့မှာ မြန်မာစစ်တပ်၏ ရက်စက်ယုတ်မာမှုများကို ရွံရှာကြောက်လန့်သောကြောင့် တောတောင်များထဲ၌ပုန်းအောင်နေကြသူများရှိသကဲ့သို့ လုံခြုံစိတ်ချသည့်မိမိတို့ တပ်များရှိရာသို့ရောက်လာခဲ့သူများလည်းရှိသည်။ မိမိတို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (United League of Arakan- ULA) အနေဖြင့် လူသားပီသစွာစစ်ပွဲရှောင် ရွာသူရွာသားများအတွက် လိုအပ်သည့်စားဝတ်နေရေး၊ ကျန်းမာရေးအကူအညီများကိုပေးကာ ကူညီစောင့်ရှောက်ပေး လျှက်ရှိသည်။ ယနေ့အချိန်အထိ ULA မှစောင့်ရှောက်ထားသည့် စစ်ပွဲရှောင်အရေအတွက်မှာ (၄၀၀) လေးရာ ကျော်ရှိခဲ့ပြီဖြစ်သည်။

ယခုအချိန်သည် ဆောင်းရာသီကာလဖြစ်သည့်အလျောက် အေးလွန်းသောကြောင့်အဝတ်အစား၊ ခြုံစရာစောင်၊ များလိုအပ်နေပါသည်။ထို့အပြင်အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့်စစ်ပွဲရှောင်ထွက်လာကြသူများဖြစ်သည့်အပြင်၎င်းဒေသ၌စားနပ်ရိက္ခာများမှာရှားပါးပါသည်။ထို့ကြောင့်စစ်ပွဲရှောင်ရွာသူရွာသားများအားအကူအညီပေးလိုသူများအနေဖြင့် မိမိတို့ထံဆက်သွယ်၍ ကူညီထည့်ဝင်နိုင်ပါသည်။

အခြားတစ်ဖက်တွင် မြန်မာစစ်တပ်သည် စစ်အင်အား၊ လက်နက်အင်အားများကို ထပ်မံဖြည့်တင်းကာ ထိုးစစ်ဆင်တိုက်ခိုက်လိုသည့်အရိပ်အယောင်များကိုဆက်လက်တွေ့မြင်နေရသောကြောင့် တိုက်ပွဲများထပ်မံပြင်းထန်စွာဖြစ်ပွားလာနိုင်သောကြောင့် နိုဝင်ဘာ (၅) ရက်နေ့တွင် ထုတ်ပြန်ထားသည့်ထုတ်ပြန်ချက်အတိုင်း အသွား-အလာများကိုသတိထားဆင်ခြင်ကြရန် လေးနက်စွာအသိပေးလိုပါသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
ရက္ခိုင့်တပ်မတော်
၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်၊ ကြာသပတေးနေ့။

Leave a Reply

Your email address will not be published. Required fields are marked *