၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၂/၂၃) တိုက်ပွဲသတင်းများ

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၂/၂၃) တိုက်ပွဲသတင်းများ

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၂/၂၃) တိုက်ပွဲသတင်းများ

နိုဝင်ဘာလ (၂၂) ရက်နေ့တွင်လည်း လွန်ခဲ့သောရက်များတွင်ဖြစ်ပွားခဲ့သောနေရာဖြစ်သည့် “မြွီလိုက်ဝ”ရွာ Mwe Leik Wa ၊ “ပကာဝ”ရွာ Pa Ka Wa ၊ “စက်တင်ဝ”ရွာ Sa Tan Wa နှင့် “ကလပ်ချောင်း” Clerk Chaung အနီး၌ တိုက်ပွဲများဆက်လက်ရှိနေခဲ့သည်။

နိုဝင်ဘာလ (၁) ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော ရခိုင်ပြည်၊ ရခိုင်နယ်စပ်၊ ပလက်ဝဒေသ အတွင်းတိုက်ပွဲများမှာ တစ်ရက်ထက် တစ်ရက်ပိုမိုပြင်းထန်နေခဲ့ပြီး ယနေ့နိုဝင်ဘာ (၂၃) ရက်နေ့တွင်လည်း ယခုအချိန်အထိ နေရာသုံးခု၌တိုက်ပွဲ (၃) ကြိမ်ဖြစ်ပွားခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ယခု လတစ်လလုံး၌ ထိတွေ့မှု၊ တိုက်ပွဲကြီး /တိုက်ပွဲငယ်အကြိမ်အရေအတွက်မှာ ရှစ်ဆယ်ကျော် (၈၀ ကျော်) ရှိခဲ့ ပြီးဖြစ်သည်။

နိုဝင်ဘာလ (၂၂) ရက်နေ့တွင် မြန်မာစစ်တပ်သည် “မြွီလိုက်ဝ”ရွာမှ ရွာသူကြီး “ဦးငွေသိန်းမောင်”နှင့် ရွာသား (၄) ဦးအား ဖမ်းဆီးခေါ် ဆောင်သွားသည့်အပြင် ရက္ခိုင့်တပ်မတော်အားကူညီအားပေးသည်ဟုစွပ်စွဲပြီး တစ်ရွာ လုံးအား မီးရှို့ပစ်မည်ဟုခြိမ်းခြောက်ခဲ့သည်။

ထို့အပြင် ရွာအတွင်းရှိ အိမ်များမှ ရွှေ၊ငွေတန်ဖိုးရှိပစ္စည်းများကို ဖောက်ထွင်းလုယူခြင်း၊ တန်ဖိုးရှိပစ္စည်းများကို အတင်းအဓမ္မယူဆောင်ခြင်း၊ မယူဆောင်နိုင်သည့်ပစ္စည်းများ ဖြစ်သော ဆိုလာပြား၊ မိုးကာ၊ အဝတ်အထည်၊ဆန်၊ ဆီးဝါးပစ္စည်းများအား လူမဆန်စွာဖျက်ဆီးခြင်း၊ ကြက်၊ငှက်၊ဝက်အစရှိသောတိရစ္ဆာန်များကို သတ်ဖြတ်စားသောက်ခြင်း၊ ယူဆောင်သွားခြင်းတို့ကိုပြုလုပ်ခဲ့သည်။

ဤသို့သောလုပ်ရပ်များမှာ မြန်မာစစ်တပ်အနေဖြင့် စစ်ရာဇဝတ်မှု War Crime နှင့် Geneva Convention ဂျနီဗာကွန်ဗင်းရှင်းအား ပြောင်ကျကျချိုးဖောက်ခြင်းလည်းဖြစ်သည်။ တနည်း မြန်မာစစ်တပ်မှ တိုင်းရင်းသား လူမျိုးများဒေသ၌ လုပ်လေ့လုပ်ထရှိသော အလုပ်များလည်းဖြစ်သည်။

ယခုအချိန်အထိ စစ်ပွဲရှောင် ရွာသူရွာသားများအရေအတွက်မှာ (၆၀၀) ခြောက်ရာကျော်အထိရှိခဲ့ပြီးဖြစ်သည်။ မိမိတို့ ULA ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်အနေဖြင့်လည်း စစ်ပွဲရှောင် ပြည်သူများအတွက် လိုအပ်သည့် အကူ အညီ၊ စားဝတ်နေထိုင်ရေး၊ ကျန်းမာရေး ကူညီစောင့်ရှောက်မှုများကို ကောင်းမွန်စွာ ကူညီစောင့်ရှောက်ထားရှိ ပါသည်။

ယခုအချိန်သည် ၎င်းရွာများပတ်ဝန်းကျင်၌ နှမ်းစိုက်ခင်း၊ စပါးစိုက်ခင်းများ ရိတ်သိမ်းကာလဖြစ်သည်။ ရွာသူရွာ သားများသည် နှမ်း၊စပါးရိတ်သိမ်းခြင်းများကို ပြုလုပ်ရန်အခွင့်မသာသောအခြေအနေသို့ရောက်ရှိခဲ့ရပြီး တော တောင်များထဲ၌ခိုလှုံနေကြသူများရှိသကဲ့သို့ မိမိတို့ULA ထံသို့ ရောက်ရှိလာကြသူများလည်းရှိသည်။

ဤကဲ့သို့ ရွာသူရွာသားများအနေဖြင့် မိမိတို့အိုးအိမ်များကိုစွန့်ခွာတိမ်းရှောင်နေရခြင်းမှာ မြန်မာစစ်တပ်မှ မိမိတို့ ရက္ခိုင့်တပ်မတော်အား အမြစ်ပြတ်ထိုးစစ်ဆင်တိုက်ခိုက်မှုများကို အရှိန်အဟုန်မြင့်ဆက်လက်လုပ်ဆောင်လာနေသော ကြောင့်ဖြစ်သည်။

နိုဝင်ဘာ(၁) ရက်မှ (၂၃) ရက်အတွင်း ယနေ့အချိန်အထိဖြစ်ပွားခဲ့သောတိုက်ပွဲများအတွင်းမြန်မာစစ်တပ်ဖက်မှ တပ်ရင်းမှူး၊ ဒု-ရင်းမှူး၊ အရာရှိများကျဆုံးခဲ့ပြီး အခြားအဆင့်အပါအဝင် သေဆုံးသူများမှာ အနည်းဆုံး တစ်ရာ့ နှစ်ဆယ် (၁၂၀) ကျော်အထိရှိနေခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများမှာလည်း ၎င်းအရေအတွက်ပိုများကြောင်း မိမိ တို့မြေပြင်တပ်မှူးများ ၊မျက်မြင်များ၊ ခိုင်လုံသောသတင်းပေးပို့ချက်အရသိရှိရသည်။ မိမိတို့ဖက်မှလည်းတိုင်း ပြည်နှင့်လူမျိုး အတွက် အသက်ပေးဆပ်ခဲ့သူ သုံးဦး ၊ အပြင်းစား ဒဏ်ရာရသူ (၁) ဦး၊ အလတ်စား ဒဏ်ရာရသူ (၇) ဦးရှိခဲ့ပြီးဖြစ်သည်။မိမိတို့ဖက်မှရန်သူ့လက်နက်ခဲယမ်းမီးကျောက်၊ စစ်အသုံးအဆောင်ပစ္စည်းအချို့ကိုသိမ်း ဆည်းရမိခဲ့သည်။

ယခုကဲ့သို့တိုက်ပွဲများနေ့တိုင်းဖြစ်ပွားနေခြင်းမှာ မြန်မာစစ်တပ်၏ ထိုးစစ်ဆင်တိုက်ခိုက်နေမှုများကြောင့်သာဖြစ်သည်။ မိမိတို့ ရက္ခိုင့်တပ်မတော်အနေဖြင့်လည်း မြန်မာစစ်တပ်မှ ဤကဲ့သို့ထိုးစစ်ဆင်တိုက်လာနေမှုများကို အကောင်းဆုံးအနေထားဖြင့် ပြန်လည်ခုခံတိုက်ခိုက်သွားမည်ဖြစ်သည်။ တိုက်ပွဲနောက်ဆက်တွဲများကြောင့် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲဆိုးကျိုးများမှာ မိမိတို့အားထိုးစစ်ဆင်တိုက်ခိုက်လာနေသည့် စစ်ပွဲများဖန်တီး နေသူမြန်မာစစ်တပ်သာလျှင်အဓိကတာဝန်ရှိပါသည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်မတော်
၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်၊ ကြာသပတေးနေ့။

 

Leave a Reply

Your email address will not be published. Required fields are marked *