၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၈) ရက် ကုလားတန်မြစ်ကြောင်းနံဘေးရှိ “နှုန်းဘူး”ကျေးရွာအနီး နှင့် “ငချက်-အောက်”အကြားတိုက်ပွဲသတင်းများ

၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၈) ရက် ကုလားတန်မြစ်ကြောင်းနံဘေးရှိ “နှုန်းဘူး”ကျေးရွာအနီး နှင့် “ငချက်-အောက်”အကြားတိုက်ပွဲသတင်းများ
မြန်မာ-အိန္ဒိယ-ဘင်္ဂလာနယ်စပ်အနီး၊ရခိုင်ဒေသ နှင့်ပလက်ဝဒေသအတွင်း၌ ၂၀၁၇ ခုနှစ်၊နိုဝင်ဘာလဆန်းစမှစ၍ဖြစ်ပွားလျှက်ရှိသောရက္ခိုင့်တပ်မတော်နှင့် မြန်မာစစ်တပ်တို့၏တိုက်ပွဲများသည် ယနေ့ည (၉)နာရီအချိန်အထိတိုင်အောင် ထိတွေ့မှု၊ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများဆက်လက်ဖြစ်ပွားလျှက်ရှိသည်။
ယနေ့၊နံနက် (၁၀) နာရီခန့်တွင် ကုလားတန်မြစ်ကြောင်းနံဘေးရှိ “နှုန်းဘူး”ကျေးရွာအနီး နှင့် “ငချက်-အောက်”အကြားတွင်,ယခင်နေ့ များ၌တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာများသို့ ဘုတ်(၃)စီးဖြင့် စစ်ကူတက်လာသည့် မြန်မာစစ်တပ်၏ စကခ(၅) တောင်ကုတ်လက်အောက်ခံ၊ခမရ-၅၆၃ (ဂွအခြေစိုက်တပ်ရင်း) နှင့် ရက္ခိုင့်တပ်မတော်”အထူးတိုက်ခိုက်ရေးစစ်ကြောင်း” တို့ ထိတွေ့ရင်ဆိုင်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။ တစ်နာရီနီးပါးကြာတိုက်ပွဲအတွင်း ၎င်းရန်သူ့စစ်ကူစစ်ကြောင်းအား အထိနာပြီးဖရိုဖရဲ ဖြစ်အောင်တိုက်ခိုက်နိုင်ခဲ့သည်။
ထို့အပြင် ရန်သူ့ဖက်မှလက်နက်ကြီးများဖြင့် တောက်လျှောက်ပစ်ခတ်မှုများနှင့်အတူအခြားနေရာအချို့တွင် လည်း ကြိုကြားကြိုကြားပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့သည်။ ထို့ကြောင့် ယနေ့တစ်ရက်တည်း၌ “မောင်ဘုတောင်တန်း” ၊”ဆမန်းတလန်တောင်တန်း”၊အိန္ဒိယ-မြန်မာနယ်စပ်အနီး၊ပလက်ဝမြောက်ဖက်အပါအဝင်အခြားနေရာအချို့၌တိုက်ပွဲများဖြစ်ပွားခဲ့သည်။
မိမိတို့ရက္ခိုင့်တပ်မတော်အနေဖြင့် နိုဝင်ဘာလ (၅) ရက်နေ့စွဲဖြင့် အသိပေးနှိုးဆော်စာတစ်စောင်ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ ၎င်းစာထဲတွင် နီးစပ်ရာ ဒေသခံ ရွာသူရွာသားများအနေဖြင့် “ကုလားတန်မြစ်၊ ကလက်ချောင်း နှင့် ပီချောင်းတစ်ဝိုက်”တွင် ခရီးသွားလာခြင်းများမပြုလုပ်ကြရန်နှင့် အကယ်၍ မဖြစ်မနေသွားရမည့် အခြေအနေများရှိလာလျှင်လည်း သတိကြီးစွာထားပြီး ဆင်ခြင်သွားလာကြရန် လေးစားစွာ အသိပေးထားသည့်အကြောင်းအရာများပါဝင်သည်။
မြန်မာစစ်တပ်မှ ဒေသခံရွာသူရွာသားများ၏ ကျွဲနွားတိရိစ္ဆာန်များနှင့် စားနပ်ရိက္ခာများကို ခြိမ်းခြောက်ယူငင်စားသောက်ခြင်းများ၊ အမျိုးသမီးများအား မုဒိန်းကျင့်ခြင်း၊ အပြစ်မဲ့ရွာသူရွာသားများအား နှိပ်စက်သတ်ဖြတ်ခြင်း၊ အတင်းအဓမ္မပေါ်တာဆွဲခြင်း၊ လူသားဒိုင်းကာ (Minesweeper) အဖြစ် အသုံးပြုခြင်း၊ လမ်းပြအဖြစ်ခေါ်ဆောင်ခြင်း စသည်တို့ကိုပြုလုပ်လာလျှင်လည်း လူ့အခွင့်အရေးအရငြင်းဆန်နိုင်ပြီး လူထုအခြေပြုအဖွဲ့အစည်းများမှတစ်ဆင့် အများပြည်သူများသိရှိစေရန် ဖော်ထုတ် အရေးယူမှုများ ပြုလုပ်ကြဖို့ ကိုလည်းမိမိတို့ ရက္ခိုင့်တပ်မတော်အနေဖြင့် အလေးအနက်ထပ်မံတိုက်တွန်းနှိုးဆော်အပ်ပါသည်
ယခုတိုက်ပွဲသတင်းရေးသားနေသည့် ည (၁၀)နာရီအချိန်အထိ ကြိုးကြားကြိုကြားအပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများ၊ မြန်မာစစ်တပ်ဖက်မှ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်နေမှုများဆက်လက်ရှိနေသည်။ထို့အပြင် မြန်မာပြည်အလယ်ပိုင်းမှ စစ်အင်အား၊စစ်ကူများဆက်တိုက်ပေးပို့လျှက်ရှိနေသောကြောင့် နောက်နေ့ရက်များတွင် တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်သည်။ စစ်ပွဲအရှိန်လည်းဆက်လက်မြင့်မားလာနိုင်သည်။
ရက္ခိုင့်တပ်မတော်အနေဖြင့် မြန်မာစစ်တပ်မှမိမိတို့အားအမြစ်ပြတ်ထိုးစစ်ဆင်တိုက်ခိုက်လာနေမှုများကို အကောင်းဆုံးအနေအထားဖြင့် ပြန်လည်ခုခံ တိုက်ခိုက်သွားမည်ဖြစ်သည်။ တိုက်ပွဲများနှင့်အတူ ရခိုင်ဒေသအတွင်း စစ်မီးများပိုမိုတောက်လောင်လာမည်ဆိုပါက ၎င်းစစ်ပွဲ၏တရားခံမှာ မိမိတို့အား ထိုးစစ်ဆင်တိုက်ခိုက်နေသည့် မြန်မာစစ်တပ်၏တာဝန်သာဖြစ်သည်။
သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်မတော်
၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်။